အစာအာဟာရနှင့်ကျန်းမာရေး
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် ရွေးချယ်ပြီး စားသုံးတတ်ကြပါတယ်။ တချို့ကတော့ ဟိုဟာမစားချင်ဘူး၊ ဒီဟာနဲ့မတဲ့ဘူး ဆိုပြီး ဟိုအစာရှောင်၊ ဒီအစာရှောင်နဲ့ အစာနဲနဲပဲ စားတတ်ပါတယ်။
အဲဒီလို စားသုံးကြရာမှာ တွေ့ကရာစားတတ်သူတွေမှာ ၀မ်းပျက်တာ၊ ၀မ်းလျှောတာဖြစ်တတ် သလို၊ မိမိကြိုက်တတ်တဲ့ အစာ - အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် စားသုံးလေ့ရှိသူတွေမှာ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အစာရှောင်တတ်တဲ့ လူတွေမှာတော့ အာဟာရ ချို့တဲ့ တဲ့ရောဂါတွေရတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့် တခြားရောဂါတွေပါ ၀င်ရောက် လာနိုင်ပါတယ်။
ဒါကြောင့် မိမိနေ့စဉ်စားသုံးတဲ့ အစားအစာတွေကို မိမိအနေနဲ့ အားအင်ဖြစ်အောင်၊ ခန္ဓာကိုယ်သန်စွမ်းအောင်နဲ့ ရောဂါတွေမဖြစ်အောင် ရွေးချယ်စားသုံးတတ်ဖို့ လိုပါတယ်။ အစားအစာ တွေကို အဓိကအားဖြင့် အုပ်စု သုံးစုခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့ အားအင်ဖြစ်စေသောအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုနဲ့၊ ရောဂါကာကွယ်စေသောအုပ်စုတို့ ဖြစ်ပါတယ်။ အားအင်ဖြစ်စေတဲ့ အုပ်စုမှာ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင်၊ ပေါင်မုန့်၊ နံပြား၊ ထောပတ်၊ ဆီ၊ သကြား၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ပြီးတော့ အချိုဓာတ်ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ ဘီစကွတ် စတာတွေ ဖြစ်ပါတယ်။ နောက် ခန္ဓာကိုယ်ကြီးထွားစေတဲ့ အုပ်စုမှာတော့ အသား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေပါဝင်ပါတယ်။ ရောဂါကာကွယ်စေတဲ့ အုပ်စုမှာတော့ အသီးအရွက်အမျိုးမျိုးဖြစ်တဲ့ ကန်စွန်းရွက်၊ မုန်ညှင်း၊ ဟင်းနုနယ်၊ ဘူးညွန့်၊ ဒန့်သလွန်ရွက်၊ မြင်းခွာရွက် စတာတွေအပြင် ငှက်ပျောသီး၊ သင်္ဘောသီး၊ လိမ္စေ္မ်ာသီး၊ နာနတ်သီး၊ ရွှေဖရုံသီး စတဲ့ အ၀ါရောင်ရှိတဲ့ အသီးအနှံတွေနဲ့ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး၊ ဆီးဖြူသီး၊ ပဲပင်ပေါက် စတာတွေဖြစ်ပါတယ်။
အဲ့ဒီအစာအုပ်စုကြီးသုံးခုစလုံးကို နေ့စဉ် မျှတအောင် မှီဝဲသုံးဆောင်တတ်ဖို့လိုပါတယ်။ ဒါမှ ကျန်းမာသန်စွမ်းပြီး တော်ရုံတန်ရုံနဲ့ ရောဂါမဖြစ်ပွားနိုင်ပါဘူး။
မြန်မာလူမျိုးတွေ စားသုံးလေ့ရှိတဲ့ အစားအစာတွေဟာ အစာအုပ်စုသုံးခုစလုံး ပါဝင်ပါတယ်။ ဥပမာ - အသား ဟင်း (ဒါမှမဟုတ်) ပဲဟင်းတခွက်၊ အသီးအရွက်အရည်သောက်နဲ့၊ အတို့အမြှုပ်တို့ကို ထမင်းနဲ့စားသုံး ကြတဲ့ အတွက် အစာအာဟာရမျှပါတယ်။ အများအားဖြင့်တော့မြန်မာတွေဟာ အဆီနဲ့ အငန်ကို ပိုမိုစားသုံးကြပါတယ်။ အဆီ နဲ့ အငန်ကို အများအပြားနေ့စဉ်စားသုံးသူတွေဟာ သွေးတိုး၊ ဆီးချို ရောဂါတွေနဲ့ ဆက်စပ်မှုရှိပြီး အသည်းအဆီဖုံးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်ပွာနိုင်ချေ များပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာက TV ၊ ရေဒီယို စတာတွေကနေ အဆီနဲ့အငန်ဓာတ်ကို လက်ရှိစားသုံးနေသည်မှ ထက်ဝက် လျှော့ချရန် အသိပေးကြေငြာနေတာဖြစ်ပါတယ်။
ကျွန်တော်တို့ စားသုံးနေတဲ့ အစားအစာတွေထဲမှာပါဝင်တဲ့ စွမ်းအင်ပမာဏကို kilo-calorie နဲ့တွက်ချက်ပါတယ်။ အလုပ်ကြမ်းလုပ်ရတဲ့ အရွယ်ရောက်ပြီး အမျိုးသားတယောက်အနေနဲ့ တနေ့ကိုလိုအပ်တဲ့ စွမ်းအင်ပမာဏက ၃၅၀၀ kilo-calorie လိုအပ်ပြီး အမျိုးသမီးဆိုရင် ၂၂၅၀ kilo-calorie လိုအပ်ပါတယ်။ ပုံမှန် သွားသွားလာလာ အလုပ်လုပ်တဲ့သူတွေမှာတော့ အမျိုးသားဆိုရင်၂၇၀၀ kilo-calorie လိုပြီး အမျိုးသမီးမှာ ၂၀၀၀ kilo-calorieလိုပါတယ်။ နားနားနေနေ နေရတဲ့လူတွေမှာတော့ အမျိုးသားဆိုရင် ၂၀၀၀ kilo-calorie လိုပြီး အမျိုးသမီးဆိုရင် ၁၆၀၀ kilo-calorie လိုပါတယ်။ ဒီလိုလိုအပ်တဲ့ calorie ပမာဏ ပြည့်မီအောင် အားအင်ဖြစ်စေတဲ့ အုပ်စုကို လုံလုံ လောက်လောက်စားပေးရပါမယ်။ ကျွန်တော်တို့နိုင်ငံက အစာရေစာပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ အာဟာရချို့တဲ့တာရှားပါတယ်။ ပေါများတာကတော့ အဆီအစိမ့် အစားများပြီး အ၀လွန်နေတဲ့ လူတွေပဲပေါပါတယ်။ ဒါပေမယ့် အချို့ ဗီတာမင်ချို့တဲ့တဲ့ လူတွေလဲရှိပါတယ်။ ဗီတာမင်ချို့တဲ့ တာဟာ လူကြီးတွေမှာ ဖြစ်ရင် ခံနိုင်ရည်ရှိလို့ ဗီတာမင်ချို့တဲ့ တဲ့ လက္ခဏာ သိပ်မတွေ့ရပေမယ့် ကလေးသူငယ်တွေမှာ ချို့တဲ့ရင်အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးနေတဲ့ ကလေးသူငယ်အရွယ်တွေမှာ အာဟာရကို ပြည့်ဝမျှတအောင် စားသုံးပေးဖို့ အရေးကြီးပါတယ်။
ဗီတာမင်တွေကို ခန္ဓာကိုယ်က မထုတ်လုပ်ပါဘူး။ ဗီတာမင်ကို ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေက ရပါတယ်။ လူတယောက်အသက်ရှင်ဖို့ အတွက် ခန္ဓာကိုယ်က ဗီတာမင်လိုအပ်ပါတယ်။ Vitamin ဆိုတဲ့ စကားကိုက Latin(လက်တင်)ဘာသာကနေ ဆင်းသက်လာပြီး Vita = အသက်၊ amine =ဖြစ်စေခြင်း (အသက်ရှင်ဖို့အတွက်မရှိမဖြစ်) လို့အဓိပ္ပာယ်ရပါတယ်။
လူတွေရဲ့ အဓိကလိုအပ်တဲ့ vitamin တွေကတော့ Vit A, Vit D, Vit E, Vit K ပြီးတော့ Vit B complex ရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ B1 ခေါ်သိုင်ယာမင်း၊ B2 ခေါ် ရိုင်ဘိုဖလေဗင်၊ B3 ခေါ် နိုင်ယာစင်ဓာတ်၊ B6 ခေါ် ပိုင်ရီဒေါက်စင်း၊ ဘိုင်အိုတင်၊ Folate, B12 နဲ့ Vitamin C တို့ဖြစ်ပါတယ်။ Vitamin A က အသည်း၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ငါးကြီးဆီ စတာတွေမှာပါဝင်ပါတယ်။ Vit A ချို့တဲ့ ရင် အဓိကအားဖြင့် မျက်စိကိုထိခိုက်ပါတယ်။ ညဘက်မျက်စိကွယ်ခြင်း (ကြက်မျက်သင့်) ရောဂါ စတင်ဖြစ်ပြီး နောက်ပိုင်း လုံးဝမျက်စိကွယ်တဲ့ အထိဖြစ်တတ်ပါတယ်။ အရေပြားမှာခြောက်သွေ့ခြင်း၊ အသားမာပေါ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။
Vit D ချို့တဲ့ ရင်တော့ အရိုးပျော့နာဖြစ်တတ်ပါတယ်။ Vit D က အဓိကအားဖြင့် နေရောင်ကနေ အရေပြားကို ထိရာမှ အရေပြားကနေ ခန္ဓာကိုယ်ထဲကို Vit D ဓာတ်ထုတ်ပေးပါတယ်။ ကြက်ဥဘဲဥ အနှစ်၊ ငါးကြီးဆီ၊ ထောပတ်၊ နို့စတာတွေမှာ Vit D အနည်းငယ် ပါဝင်ပါတယ်။ ကလေးတွေမှာ Vit D ချို့တဲ့ရင် နံရိုးလေးတွေက ပုတီးစေ့လေးတွေလို ဖြစ်လာပါတယ်။ ထိရင်နာတယ်။ စိတ်ကောက်လွယ်တယ်။ ခြေချင်းဝတ်၊ လက်ကောက်ဝတ် ရောင်လာတယ်။ ခေါင်းခွံ အရိုးမှာ ပျော့တဲ့ နေရာလေးတွေ စမ်းမိလာပါတယ်။ ခြေထောက်ခွင်လာပါတယ်။
Vit E ကတော့ဟင်းသီးဟင်းရွက်ဆီနဲ့ ကောက်ပဲသီးနှံတွေမှာ အများအပြားပါပါတယ်။ Vit E ကခန္ဓာကိုယ်ရဲ့ အဓိက cell တွေကိုထိန်းသိမ်းပါတယ်။ Vit E ချို့တဲ့တာရှားပါတယ်။ ချို့တဲ့ရင်တော့ ပထမဆုံး သွေးအားနည်းတာ ဖြစ်တတ်ပါတယ်။ Vit E က နှလုံးသွေးကြောရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
Vit K ကတော့သွေးခဲခြင်းဖြစ်စဉ်မှာပါဝင်ပြီး ချို့တဲ့ရင်တော့ သွေးထွက်ရင်သွေးတိတ်နှေးတာ ဖြစ်တတ်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်နဲ့ အသည်းမှာ အများအပြား ပါဝင်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ချို့တဲ့တာဖြစ်တတ်ပါတယ်။ မိခင်ကနေ အချင်းမှတဆင့် Vit K ရရှိတာ မလုံလောက်ခြင်း၊ မိခင်နို့မှာ Vit K အနည်းငယ်သာပါရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ မွေးကင်းစကလေးတိုင်းကို Vit K ထိုးပေးပါတယ်။
Vit B2 လို့ခေါ်တဲ့ ရိုင်ဘိုဖလေဗင် ချို့တဲ့ရင်တော့ လျှာမှာနီရဲပြီး ရောင်လာခြင်း၊ ကျီးကန်းပါးစပ်လို့ ခေါ်တဲ့ ပါးစပ်ထောင့်တွေ နာကျင်ပြီး ကွဲအက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။
နိုင်ယာစင်ဓာတ်ချို့တဲ့ရင်တော့ Pellagra လို့ခေါ်တဲ့ အရေပြားမှာ ရောင်ရမ်းနီရဲခြင်း၊ လျှာနဲ့ပါးစပ်ပူလောင် နီမြန်းခြင်း၊ ၀မ်းလျှောခြင်းနဲ့ နောက်ပိုင်းစိတ်အနှောင့်အယှက်ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ပြောင်းဆန်ကို အဓိက အစားအစာအဖြစ် စားသုံးတဲ့လူတွေမှာဖြစ်ပါတယ်။ Niacin ဓာတ်ဟာ လတ်လတ်ဆတ်ဆတ် အသားငါးတွေနဲ့ အသီးအရွက်တွေမှာ ပါပါတယ်။
Vit B6 ခေါ် ပိုင်ရီဒေါက်စင်းဟာ အစားအစာအများစုမှာ ပါဝင်ပါတယ်။ အဓိကအများဆုံးပါဝင်တာကတော့ အသားငါး၊ အာလူး၊ ငှက်ပျောသီးတို့မှာ ပါပါတယ်။ B6 ချို့တဲ့တာရှားပါတယ်။
Vit C ခေါ် ascorbic acid ချို့တဲ့ရင် Scurvy ရောဂါဖြစ်ပါတယ်။ သွားဖုံးတွေရောင်လာမယ်။ သွားဖုံးက သွေးထွက်လွယ်မယ်။ အရေပြားမှာ အညိုအမည်းကွက်တွေ ပေါ်လာမယ်။ သွေးအားနည်းတာတွေဖြစ်လာ ပါတယ်။ Vit C အဓိကပါဝင်တဲ့ အစားအစာတွေကတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေမှာပါဝင်ပါတယ်။
ဒီနေရာမှာ အဓိကပြောချင်တာကတော့ မြန်မာနိုင်ငံက နို့စို့အရွယ်နဲ့ တစ်နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များတဲ့ B1 ချို့တဲ့တဲ့ ရောဂါဖြစ်တဲ့ Beri Beri ရောဂါဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ မြန်မာလို သူငယ်နာရောဂါလို့ ခေါ်ပါတယ်။ နို့စို့အရွယ် တစ်နှစ်အောက်ကလေးငယ်တွေဟာ မိခင်နို့ကို အဓိက အစာအာဟာရအဖြစ် စားသုံးနေရတာဖြစ်ပါတယ်။ မိခင်ဟာ အစာအာဟာရပြည့်ဝအောင် မစားဘဲ အစာကို ဟိုဟာရှောင်၊ ဒီဟာရှောင်နေရင် မိခင်အနေနဲ့ ဘာမှမဖြစ်ပေမယ့် နုနယ်တဲ့ ကလေးငယ်တွေမှာ မိခင်နို့မှာ Vitamin လုံလောက်အောင်မပါတဲ့အတွက် Vitamin ချို့တဲ့ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ထိခိုက်ပါတယ်။ Vit B1 ချို့တဲ့တဲ့ Beri Beri ရောဂါဟာ မိခင်နို့ မသောက်သုံးရတဲ့ ကလေးတွေ၊ မိခင်နို့တိုက်သော်လည်း အမေ အစားရှောင်တဲ့ ကလေးတွေမှာ အဓိကဖြစ်ပါတယ်။ တချို့မိခင်တွေ အယူမှားနေတာက သူငယ်နာဖြစ်မှာစိုးလို့ အစားရှောင်တာလို့ ပြောပါတယ်။ အမှန်ကတော့ အမေအစားရှောင်လို့ ကလေးမှာ သူငယ်နာရောဂါဖြစ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တစ်ဦး အနေနဲ့ မိမိရဲ့ကလေးငယ် ရောဂါဘယကင်းရှင်းပြီး ကျန်းမာသန်စွမ်းစေချင်တယ် ဆိုရင် အစာမရှောင်ဘဲ အစာအုပ်စုသုံးခုစလုံးကို မျှတအောင် စားပေးရပါမယ်။ အခုခေတ်အထိ မိခင်နို့စို့တဲ့ ကလေးတစ်ဦးအတွက် မိခင်နို့ရည်ထက်ပိုကောင်းတဲ့ အရာကို သိပ္ပံ ပညာရှင်တွေ မတီထွင်နိုင်သေးပါဘူး။ မိခင်နို့ရည်သာ ကလေးငယ်အတွက် အသင့်အလျော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။ မွေးဖွားပြီး နာရီဝက်အတွင်း မိခင်နို့ရည်ကို စတိုက်သင့်ပါတယ်။ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်မှာ ကလေးအတွက် ရောဂါကာကွယ်ပေးမယ့် ပဋိပစ္စည်းတွေ အများအပြားပါဝင်လို့ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်ကို တိုက်ရပါမယ်။ ကလေးအသက် ခြောက်လကျော်ရင်တော့ ဖြည့်စွက်စာတွေဖြစ်တဲ့ ထမင်းရည်၊ ဆန်ပြုတ်၊ ထမင်းပျော့ပျော့၊ အာလူး၊ ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့်၊ ဟင်းရွက်၊ အသည်း၊ ပဲဟင်းချို၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ အသား စတာတွေကို တမျိုးစီ ဖြည်းဖြည်း အကျင့်လုပ်ပြီး ကျွေးပေးရပါမယ်။ နို့တိုက်မိခင်ကလည်း အစားမရှောင်ဘဲ အစုံစားရပါမယ်။ B1 ပါဝင်တဲ့ အစားအစာတွေကတော့ အဓိကအားဖြင့် ဆန်စပါး၊ ဂျုံ စတဲ့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသား စတာတွေမှာ ပါပါတယ်။ B1 ဓာတ်ဟာ အဓိကအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ဆန်ရဲ့ အပေါ်ယံအလွှာမှာ ပါဝင်ပါတယ်။ ဆန်ကို အထပ်ထပ် ပွတ်တိုက်ဆေးကြောပစ်ရင် အပေါ်ယံအလွှာက B1 ဓာတ်တွေဟာ ပျက်ပြယ်သွားတဲ့အတွက် အဲဒီဆန်နဲ့ချက်တဲ့ ထမင်းမှာ B1 ဓာတ်ချို့တဲ့ပါတယ်။ ဒါကြောင့် ထမင်းချက်ရင် ဆန်ကိုတအားပွတ်မဆေးဘဲ အလွန်ဆုံး တစ်ထပ်ပဲဆေးပြီး ရေခန်းချက်တာ အသင့်လျော်ဆုံးပါပဲ။ အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာ B1 ချို့တဲ့ရင် ရုတ်တရက် အသက်ရှူရခက်ပြီး မောလာတာ၊ နို့မစို့နိုင်ဖြစ်ပြီးအန်တာ၊ ခြေဖျားလက်ဖျားးတွေအေးပြီး ပြာလာတာ၊ နှုတ်ခမ်းတွေ ပြာလာတာ၊ ရုတ်တရက်ဖျားလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဓိကလက္ခဏာတွေ မိမိရဲ့ နို့စို့အရွယ် ရင်သွေးငယ်တွေမှာ ဖြစ်ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးပြသဖို့လိုပါတယ်။
ဒါကြောင့် အစားအစာ စားသုံးရာမှာ ဖြစ်သလို တော်သလို စားသုံးခြင်းမပြုဘဲ အာဟာရဓာတ်ဖြစ်မယ့် အစားအစာများကို မျှတအောင် ရွေးချယ်စိစစ်ပြီး စားသုံးရပါမယ်။ အထူးသဖြင့် အစာအာဟာရနဲ့ Vitamins တွေပိုမိုလိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ နို့စို့အရွယ်ကလေးငယ်တွေ ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားနေတဲ့ ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ပိုမိုဂရုပြုစားသုံးသင့်ပါတယ်။ ဒါကြောင့်မိမိတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ မည်သည့်အစာမှာ မည်သို့သော အာဟာရဓာတ် ပါဝင်ကြောင်းကို သိရှိ နားလည်ပြီး အစာအုပ်စု သုံးစုလုံးကို မျှတအောင် ရွေးချယ်စားသုံးပါက ရောဂါဘယကင်းဝေးပြိး ကျန်းမာသန်စွမ်းတဲ့ ဘ၀ကို ရရှိစေမှာဖြစ်ပါတယ်။

ရင်ဘတ်အောင့်ခြင်းသည် အရေးကြီးသောရောဂါလက္ခ္ခ္ခဏာတစ်ခုဖြစ်ပါသည်။
· သင်၏ ရောဂါရာဇ၀င်သည် သင်ဖြစ်သောရောဂါကို အဖြေရှာရန်အတွက်အလွန်အရေးပါသည်။ · ရောဂါ အမျိုးမျိုးပေါ်မူတည်ပြီး ရင်ဘတ်အောင့်မှုပုံစံ ကွဲပြားကြပါသည်။ · ထို့ကြောင့်ရောဂါကို သေချာစွာသိနိုင်ရန်အတွက် ဆရာဝန်ဖြင့်တိုင်ပင်ရန် အရေးကြီးသည်။ 1.1 ဖြစ်နိုင်သောရောဂါများ 1.1.1 စူး၍ (နေရာသေချာစွာပြောနိုင်သည်) အောင့်ခြင်း တစ်နေရာရာတွင် စူး၍ အသက်ပြင်းပြင်းရှူလိုက်လျှင် ပိုအောင့်သည်။ ချောင်းဆိုးခြင်း၊ လှုပ်ရှားခြင်းတို့ဖြင့် ပိုအောင့်သည်။ ဖြစ်နိုင်သောရောဂါများ · အဆုတ်တွင်လေများ ပိတ်မိသောရောဂါ (Pneumothorax) · အဆုတ်ရောင်ခြင်း(Pneumonia) · အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary embolism) · နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis) · Bornholm disease (Coxakie B ဗိုင်းရပ်စ်ရောဂါ – ကူးစက်ခြင်းကြောင့်ဖြစ်သော အသက်ရှူကြွက်သားရောဂါ) 1.1.2 ရင်ဘတ်အလယ်တွင်( ကြပ်၍ ၊ ဖိထားသလို ၊ ညှစ်ထားသလို) အောင့်ခြင်း · နှလုံးသွေးကြောကျဉ်းရောဂါ (Angina) · နှလုံးကြွက်သားပျက်စီးရောဂါ (Myocardial Infarction, MI) · သွေးလွှတ်ကြောမကြီးကွှဲပြတ်ရောဂါ (Dissecting aortic aneurysm) ဆွဲဖြဲထားသလိုနာသည်။ · အစာရေမျိုရောင်ခြင်း (ပူ၍နာသည်) (esophagitis) · အစာရေမျိုကြွက်သားကျုံ့ခြင်း (Esophageal spasm) · အစာရေမျိုစုတ်ပြဲခြင်း (Esophageal tear) 1.1.3 ရင်ဘတ်ပေါ်တွင်နာခြင်း · နံရိုးကျိုးခြင်း · ရေယုန်ကြီး (herpes zoster) အရေပြားအနာဦးစွာ ပေါက်မည်။ · ရင်ဘတ်အရိုးနု ရောင်ခြင်း (Tietze’s syndrome) · အာရုံကြောပိမိခြင်း 1.1.4 ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများ စိတ်စိုးရိမ်ပူပန်ခြင်း၊ ကျောရိုးမကြီး ပျက်စီး၍ အာရုံကြောပိမိခြင်း သို့မဟုတ် ၀မ်းဗိုက်တွင်းပြဿနာ တစ်ခုခုကြောင့် (ဥပမာ – သရက်ရွက်ရောင်ခြင်း (pancreatitis), အစာအိမ်အူလမ်းကြောင်း အနာ (peptic ulcer), သည်းခြေပြွန်ရောင် ရောဂါ (biliary tree disease) တို့ကြောင့်ဖြစ်တတ်ပါသည်။ ထို့အပြင် အထက်ကဖော်ပြခဲ့သော ရောဂါများသည်လည်း ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများအနေဖြင့် ဖြစ်လာတတ်ပါသည်။ ဥပမာ အန္တရာယ်ရှိသော နှလုံးကြွက်သားပျက်စီးရောဂါ (MI) သည်ဗိုက်အောင့်ခြင်း မေးရိုးတွင်နာခြင်း အနေဖြင့်လည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်တွင် လက္ခ္ခ္ခဏာတစ်ခုခု ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ 1.2 ရင်ဘတ်အောင့်ခြင်း၏ ရောဂါရာဇ၀င်ပေါ်မူတည်ခြင်း အဓိကကတော့ သင့်ရဲ့ ရာဇ၀င်ပေါ်မူတည်ပြီး သင့်ရဲ့ရောဂါကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ယခင်ကဖြစ်ခဲ့တဲ့ ရောဂါနှင့် လူနေမှုပုံစံ (ဥပမာ – သွေးတိုး၊ ဆေးလိပ်သောက်သုံးမှု) နဲ့ သင့်ရဲ့ယခင်ဆရာဝန်နဲ့ ပြသခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ဆရာဝန်က မေးပါလိမ့်မယ်။ ဒါ့အပြင် လူမှုရေးအဖြစ်အပျက်များ (အလုပ်အကိုင်၊ ဆေးဝါးများသုံးစွဲနေရခြင်းနဲ့ စိတ်ခံစားမှု အခြေအနေများ – ဥပမာ- စိုးရိမ်သောကစိတ်များ၊ စိတ်ဖိစီးမှုများ) ကိုလည်းမေးမြန်းပါလိမ့်မယ်။ ဒါတွေမေးပြီးတော့မှ အဲ့ဒီအပေါ် မူတည်ပြီး ရောဂါအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်မှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ တချို့မေးခွန်းတွေကို မဆိုင်တာတွေ မေးနေတယ်လို့ မထင်စေချင်ပါ။ 1.2.1 သင့်မှာ ဘယ်လိုရင်ဘတ်အောင့်မှုမျိုးရှိလဲ 1.2.1.1 စတင်အောင့်ပုံနှင့် အောင့်မှုပုံစံ အရေးကြီးသော နှလုံးရောဂါများသည် မိနစ်အနည်းငယ်အတွင်း တဖြည်းဖြည်းအောင့်လာသည်။ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ စိတ်ခံစားမှု၊ ရာသီဥတုအေးခြင်းတို့တွင် အောင့်လာတတ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါတွင် ရင်ဘတ်အောင့်ခြင်းသည် အနားယူခြင်းနှင့် sub-lingual nitroglycerin (NTG) ဟုခေါ်သော လျှာအောက်တွင်ငုံရသည့် ဆေးနှင့်သက်သာသွားတတ်ပါသည်။ မတည်ငြိမ်သော နှလုံးသွေးကြောကျဉ်းရောဂါ (Unstable angina) တွင်မူ ရင်ဘတ်အောင့်ခြင်းသည် အနားယူနေစဉ်တွင်လည်း ဖြစ်ပေါ်လာနိုင်သည်။ အောင့်လိုက်ပျောက်လိုက်ဖြစ်နေပြီး တခါတရံပြင်းထန်လိမ့်မည်။ နှလုံးကြွက်သား ပျက်စီးရောဂါ (MI) တွင်ရင်ဘတ်အောင့်မှုသည် ပြင်းထန်လိမ့်မည်။ တခါတရံတွင် ပျို့ခြင်း၊ အန်ခြင်း၊ ချွေးပျံခြင်းတို့နှင့် တွဲ၍ ဖြစ်တတ်ပြီး အနဲဆုံးမိနစ် သုံးဆယ်ခန့်ကြာတတ်ပါသည်။ အဆုတ်တွင်လေပိတ်မိသောရောဂါ (pneumothorax) နှင့် အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism) တွင်မူ နာကြင်မှုသည် ရုတ်တရက်ဖြစ်ပေါ်လာသည်။ ရင်ဘတ်အောင့်ခြင်းသည် အန်ခြင်းနောက်တွင်မှ ဖြစ်ပေါ်ခြင်းနှင့် အထူးသဖြင့်တွင် သွေးအန်ခြင်းနှင့်အတူ ဖြစ်ပါက အစာရေမျိုရောဂါကြောင့် (esophageal disease) ဖြစ်တတ်ပါသည်။ သင်ရင်ဘတ်အောင့်ခြင်းသည် သင်ဘာလုပ်နေစဉ်တွင် အောင့်သည်ဆိုခြင်းသည် အရေးကြီးသည်။ ထိုအချက်မှ သင်သည် ဆရာဝန်အား တန်ဖိုးရှိသော အချက်ကိုပြောပြနိုင်ပါလိမ့်မည်။ 1.2.1.2 အောင့်သောနေရာနှင့် ပျံ့နှံ့သွားပုံ နှလုံးရောဂါများသည် ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပါသည်။ နှလုံးကြွက်သားရောဂါတွင် နာကျင် မှုသည် မေးရိုး၊ လည်ပင်း၊ လက်မောင်းတို့ကို ပျံ့နှံ့သွားတတ်သည်။ နှလုံးသွေးလွှတ်ကြောမကြီးလွှဲပြတ်ရောဂါ (dissecting aortic aneurysm) တွင် နာကျင်မှုသည် လက်ပြင်ရိုးကြားတွင် ဆွဲဖြဲထားသလို နာတတ်သည်။ အဆုတ်နှင့်သက်ဆိုင်သောရောဂါတွင် တဖက်တည်းတွင် နာတတ်ပြီး သင်သည်ထိုနေရာကို အတိအကျထောက်ပြနိုင်လိမ့်မည်။ အစာရေမျိုရောဂါသည်လည်း ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပြီး နှလုံးအောင့်ခြင်းနှင့် ဆင်တူ ပါသည်။ ကျောရိုးပျက်စီးရောဂါနှင့် ရေယုန်ကြီးတို့တွင် နာကျင်မှုသည် သက်ဆိုင်ရာ အာရုံကြောထောက်ပံ့သော နေရာတွင် ဖြစ်လိမ့်မည်။ 1.2.1.3 နာကျင်မှုအခြေအနေ သင်၏ နာကျင်မှုအခြေအနေသည် ရောဂါအရင်းအမြစ်ရှာဖွေခြင်းအတွက် အရေးကြီးသောသဲလွန်စလည်း ဖြစ်သည်။ (ဥပမာ – ကွဲပြတ်သလို၊ စူးစူးရှရှ ပူပြီးအောင့်ခြင်း၊ စူးဖြင့်ထိုးထားသလို) 1.2.2 သင့်တွင်တခြားဘာလက္ခ္ခ္ခဏာတွေ ရှိသေးသလဲ အရေးကြီးတဲ့ ပူးတွဲလက္ခ္ခ္ခဏာတွေကတော့ · မောခြင်း – အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism)၊ အဆုတ်ရောင်ရောဂါ(pneumonia)၊ အဆုတ် လေပိတ်မိသော ရောဂါ(pneumothorax)၊ နှလုံးရောဂါမှ အဆုတ်ရေမွန်းရောဂါ(pulmonary edema)ဖြစ်ခြင်း၊ စိုးရိမ်ပူပန်စိတ် များကြောင့် ဖြစ်သောအသက်ရှူမြန်ခြင်း။ · ချောင်းဆိုးခြင်း o အဆုတ်ရောဂါကြောင့်ဖြစ်သော သလိပ်ကပ်ခြင်း၊ o အဆုတ်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော ချောင်းဆိုးသွေးပါခြင်း o အဆုတ်ရေမွန်းခြင်းကြောင့် · Rigors – အဆုတ်ရောင်ခြင်း · ခြေသလုံးရောင်ခြင်း o အဆုတ်သွေးကြောပိတ်ရောဂါသည် သွေးပြန်ကြောသွေးခဲကြောင့် ဖြစ်ခြင်း o နှစ်ဖက်လုံးရောင်ခြင်းသည် နှလုံးမောခြင်း(Heart failure) ကြောင့်ဖြစ်နိုင်သည်။ · ရင်တုန်ခြင်း o နှလုံးစည်းချက်မမှန်ခြင်းသည် နှလုံးသွေးကြောရောဂါ ဖြစ်စေသည်။ o နှလုံးကြွက်သားရောဂါကြောင့်လည်း ဖြစ်နိုင်သည်။ o အဆုတ်သွေးကြောပိတ်ခြင်း(PE) ၊ အဆုတ်ရောင်ခြင်း(pneumonia) ကြောင့်လည်း ဖြစ်နိုင်ပါသည်။ o အေးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ချွေးစေးပျံခြင်းတို့သည် နှလုံးကြွက်သား ပျက်စီးရောဂါ(MI) သို့မဟုတ် ပြင်းထန်သောအဆုတ်သွေးကြောပိတ်ရောဂါကြောင့် ဖြစ်နိုင်ပါသည်။ 1.2.3 ရောဂါဖြစ်ခြင်းကို အားပေးစေသောအချက်များ သင့်တွင်ရှိလား နှလုံးကြွက်သားရောဂါ – ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးတွင်ထိုရောဂါ ရှိခြင်း၊ (cholesterol) များခြင်း၊ သွေးတိုးရောဂါ (hypertension)၊ ဆီးချိုသွေးချိုရောဂါ (Diabetes)၊ အမျိုးသားဖြစ်ခြင်း၊ အသက်ငါးဆယ်ကျော်ခြင်း။ အဆုတ်သွေးကြောပိတ်ရောဂါတွင် – လတ်တလောတွင်ခရီးသွားလာခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ခွဲစိတ်မှုခံထားရဖူးခြင်း၊ မျိုးရိုးရာဇ၀င်ရှိခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း။ အဆုတ်တွင်းလေပိတ်မိခြင်းတွင် – လူငယ် ပိန်ပိန်ပါးပါးအမျိုးသားများ ထိခိုက်မှုရှိခြင်း၊ အဆုတ်လေအိတ်ငယ်များ ဖောင်းပွခြင်းရောဂါ (emphysema) ရှိခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော အဆုတ်သလိပ်များသောရောဂါတမျိုး (cystic fibrosis) 1.3 ရောဂါရှာဖွေခြင်း ရင်ဘတ်အောင့်သူများသည် ECG (Electrocardiogram)ဆွဲသင့်ပါသည်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးအင်ဇိုင်းစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်သင့်ပါသည်။ ထိုအဖြေများပေါ်မူတည်၍ တခြားစစ်ဆေးခြင်းနည်းစနစ်များ ပြုလုပ်သင့်မသင့်ကို သင့်အားစမ်းသပ်စစ်ဆေးပြီး ဆရာဝန်ကဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။